ညောင်ဦး ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီးအတွင်းရှိ မတ်ရပ်ရုပ်ပွားတော်လေးဆူအား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် အာနန္ဒာဘုရားကြီး အရှေ့ဘက်မုခ်အတွင်းရှိ ဂေါဏဂုဏ် မတ်ရပ်ရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်းဆက်ကပ်လှူ ဒါန်းနေပြီဖြစ်ကာ အနောက်ဘက်မုခ် ဂေါတဘုရားမြတ်စွာဘုရား မတ်ရပ်ရုပ်ပွားတော်ကြီး ရွှေသင်္ကန်းကပ်လှူမှု ရာနှုန်းပြည့်နီးပါးပြီး နေပြီဖြစ်ရာ ယနေ့တွင် အရှေ့ဘက်မုခ် မတ်ရပ်ရုပ်ပွားတော်ကြီး ရွှေသင်္ကန်းစတင် ကပ်လှူနေပြီဖြစ်ကြောင်း ဘုရားအာနန္ဒာဘုရားကြီး ဂေါပကဥက္ကဋ္ဌ ဦးဇော်ဝင်းချိုထံက သိရသည်။
အာနန္ဒာဂူဘုရားကြီးကို ကျန်စစ်မင်းတရားကြီးသည် သက္ကရာဇ် (၄၅၂) ခုနှစ်၊ (အေဒီ ၁၀၉၁)တွင် တည်ထားပူဇော်ခဲ့ပြီး ပွင့်တော်မူပြီးသော ဘုရားလေးဆူတို့အားရည်မှန်းကာ အနောက်ဘက်မုခ်တွင် ဂေါတဘုရားမြတ်စွာဘုရား၊ မြောက်ဘက်မုခ်တွင် ကကုသန်မြတ်စွာဘုရား၊ အရှေ့ဘက်မုခ်တွင် ဂေါဏဂုဏ်မြတ်စွာဘုရား၊ တောင်ဘက်မုခ်တွင် ကဿပ မြတ်စွာဘုရားတို့အား ဉာဏ်တော် (၃၁) ပေရှိ မတ်ရပ်ရုပ်ပွားတော်များ တည်ပူဇော်ထားရှိခဲ့ပြီး အာနန္ဒာဘုရားကြီးကို အတွင်းစင်္ကြန်နှစ်ထပ်၊ အာရုံခံလေးဘက်၊ စေတီတော်ဉာဏ်တော်အမြင့် (၁၆၈) ပေရှိပြီး အောက်ခြေခုံတော်အလျား (၂၉၅) ပေရှိကာ၊ အနုပညာလက်ရာပေါင်းများစွာ ပါရှိတည်ထားသည်။
မတ်ရပ်ရုပ်ပွားတော်များ ရွှေသင်္ကန်းကပ်လှူရာသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင့်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ဝင်များက ရွှေသင်္ကန်းကပ်လှူ ပူဇော်ခဲ့ကြကြောင်းသိရပြီး မြန်မာပြည်အရပ်ရပ်မှ ရုပ်ပွားတော်မြတ်ကြီးများ ရွှေသင်္ကန်းကပ်လှူလိုပါက အာနန္ဒာဘုရားကြီးဂေါပကအဖွဲ့သို့ တိုက်ရိုက်ဖြစ်စေ၊ ဂေါပကဥက္ကဋ္ဌ ဦးဇော်ဝင်းချို ဖုန်း ၀၉-၂၀၄၂၉၇၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ရွှေဆိုင်းတစ်ဆိုင်းလျှင် တစ်သိန်းခွဲကျပ်ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။
ဒီပါလင်း