ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဆံတော်ရှင်ဆူးလေစေတီတော်ကြီး၏ ဒွါဒဿမအကြိမ်မြောက်၊ ရွှေထီးတော်နှင့်လုံးတော်ပြည့်ရွှေစင်ရွှေပြား၊ မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ခြင်းနှင့် ဘက်စုံမွမ်းမံပြုပြင်ခြင်းတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်

ရန်ကုန်  ဒီဇင်ဘာ ၁၀

ဆံတော်ရှင်ဆူးလေစေတီတော်ကြီး၏ ဒွါဒဿမအကြိမ်မြောက်၊ ရွှေထီးတော်နှင့် လုံးတော်ပြည့် ရွှေစင်ရွှေပြား၊ မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ခြင်းနှင့် ဘက်စုံမွမ်းမံပြုပြင်ခြင်းတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဆံတော်ရှင်ဆူးလေစေတီတော်ရင်ပြင် ကျက်သရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်၊၊

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊  အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန် စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအတွင်းရေးမှူး ဦးညွှန့်ဖေနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် စေတနာသဒ္ဓါအလှူရှင်များ တက်ရောက်ကြည်ညို ကြသည်၊၊

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်၍ ဆံတော်ရှင် ဆူးလေစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗဟန်းမြို့နယ်၊ မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တသီရိန္ဒာဘိဝံသ အရှင်သူမြတ်ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူအပ်သော ပရိတ်တရားတော်များအား နာယူကြည်ညိုကြသည်၊၊

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က “ဆံတော်ရှင် ဆူးလေစေတီတော်ကြီးအား ဒွါဒဿမအကြိမ်မြောက်၊ ရွှေထီးတော်နှင့် လုံးတော်ပြည့် ရွှေစင်ရွှေ ပြား၊ မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ခြင်းနှင့် ဘက်စုံမွမ်းမံပြုပြင်ခြင်းတို့အတွက် အောင်မြင်စွာရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရသည့်အတွက် ကုသိုလ်တရားများ တိုးပွားရပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ဗုဒ္ဓသာသနာ အဓွန့်ရှည်ခိုင်မြဲရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဘုရားတပည့်တော်တို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ဆဋ္ဌသင်္ဂါယနာမူအတိုင်း အဋ္ဌကထာ(၅၁)အုပ်ကိုလည်း နိုင်ငံတော်အဆင့်ဩဝါဒါစရိယဆရာတော်ကြီးများထံ ဩဝါဒခံယူပြီး ဩဝါဒနှင့်အညီ ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘုရားတပည့်တော်တို့ ဌာနအနေဖြင့် ထေရဝါဒဗုဒ္ဓစာပေများပြန့်ပွားစေရေး ဗုဒ္ဓစာပေကျမ်းဂန် စာအုပ်များကို ရိုက်နှိပ်ဖြန့်ဝေ ဆောင်ရွက်လျက်ရှိပါကြောင်း” သာသနာရေးဆိုင်ရာများ လျှောက်ထားသည်၊၊

ထို့နောက် ဒွါဒဿမအကြိမ်မြောက် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း၊ ဘက်စုံမွမ်းမံ ပြုပြင်ခြင်းလုပ်ငန်းများ ပြီးစီးအောင်မြင်ခြင်းအတွက် ဦးစီးကော်မတီကိုယ်စား အလှည့်ကျ ဂေါပကအဖွဲ့ဝင် (စီမံ) ဦးဌေးဝင်းက ဆရာတော်ကြီးများအား လျှောက်ထားလွှာ ဖတ်ကြားလျှောက်ထားသည်၊၊

ဆက်လက်၍ ကြွရောက်လာသည့် ဆရာတော်သံဃာတော်များအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မင်းကျောင်းပထမပြန်စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်၊၊

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်သို့ သွားရောက်၍ ရေချမ်းပန်းဆက်ကပ်လှူဒါန်းကာ ပြည်ထောင်စု ဝန်ကြီးသည် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်အတွင်း လှည့်လည်ကြည်ညိုပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များအား “စေတီတော်ကြီးကြည်ညိုဖွယ်ဖြစ်စေရေးနှင့် သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲစေရေး စေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူပြီး ဩဝါဒနှင့်အညီ ဆောင်ရွက်စေရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသော စည်းမျဉ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန်” စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်၊၊

အောင်မြင့်(ပြန်/ဆက်)