သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုး မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ရက်ကန်းပညာများသင်ယူနေသည့် သင်တန်းသား/သင်တန်းသူများအား ကြည့်ရှုအားပေး

မိတ္ထီလာ ဒီဇင်ဘာ ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရက်ကန်းပညာများသင်ယူနေသည့် သင်တန်းသား/သင်တန်းသူများအား ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် မိတ္ထီလာမြို့နယ် မြောက်လည်ကျေးရွာအုပ်စု ဂွေးကုန်းကျေးရွာနှင့် လယ်ကွက်အမှတ် ၈၉၄ သို့ ဆက်သွယ်သောလမ်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်  ပြည်ထောင်စုရန်ပုံငွေ ၁၄၀.၆၃ သန်းဖြင့် ပျော်ဘွယ်သားဆောက်လုပ်ရေး ကုမ္ပဏီကတာဝန်ယူ၍ ကုန်ထုတ်လမ်းအဖြစ် အရှည် ၂ မိုင်အကျယ် ၁၈ ပေ ထု ၂ ပေ ၉ လက်မရှိ မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းနှင့် Slab Culvert (၂)စင်းတည်ဆောက်ခြင်းလုပ်အား ကြည့်ရှုစစ်ဆေးပြီး မြောက်လည်ကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများ၏ တင်ပြတောင်းဆိုမှုများအား ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မိတ္ထီလာ-မြင်းခြံလမ်းမှ ရေချို-ဘူတာရွာသာလမ်းအား ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် လမ်းအရှည် (၁.၂၀၆ ကီလိုမီတာ) အား (50mm-100mm) ခွဲကျောက်ဖြင့် (4.88m) အကျယ် (150mm) ထုခင်း၍ (3.66m) အကျယ် (375mm) ထု  ကတ္တရာခင်းခြင်းလုပ်ငန်းအား  H Double H Capital Company မှ တာဝန်ယူ၍ ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)ရှိ လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ရက်ကန်းပညာများသင်ယူလေ့ကျင့်နေသည့် သင်တန်းသား/သင်တန်းသူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)