ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယအပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲပါဝင်ဆင်နွဲ

ဘားအံ ဒီဇင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယရက်သတ္တပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၅ နာရီခွဲခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိလမ်း၊ ဝန်ကြီးများအိမ်ရာရှေ့၌ စုရပ်ပြုလုပ်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်နှင့် ဘားအံပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား/သင်တန်းသူ၊ ဆရာ/ဆရာမများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၂၁၅၀ ဦးခန့် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် စုပေါင်းလူထုလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲသူများသည် စုရပ်ဖြစ်သော ဝန်ကြီးများအိမ်ရာရှေ့မှ သီရိလမ်း၊ ပိတောက်လမ်း၊ ကမ်းနားလမ်း၊ ဘားအံ-ထုံးအိုင်လမ်း၊ စောစံစီဖိုးလမ်း၊ သီရိလမ်းမှတစ်ဆင့် သီရိကွင်းအတွင်း ပြန်လည်ဝင်ရောက် စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်း၌ တစ်ဦးနှင့်တစ်ဦး ရှေ့၊ နောက်၊ ဘယ်၊ ညာ (၆)ပေအကွာ အနေအထားဖြင့် အကြောလျှော့လေ့ကျင့်ခန်းများ ဆောင်ရွက်၍ စုပေါင်းကိုယ်လက်ကြံခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ်(၁)နှင့် အတွဲအမှတ်(၂)တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ အများပြည်သူကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလ အားကစားလှုပ်ရှားမှုအနေဖြင့် အများပြည်သူဆိုင်ရာနေရာ (Public Area)များတွင် တစ်ဦးတစ်ယောက်ချင်းအလိုက်သော်လည်းကောင်း၊ မိသားစုအလိုက်သော်လည်းကောင်း၊ အစုအဖွဲ့များ အလိုက်သော်လည်းကောင်း တစ်ကိုယ်ရေကိုယ်လက်လှုပ်ရှားမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရပြီး စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း ပါဝင်ဆောင်ရွက်သူများအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကောက်ညှင်းပေါင်း၊ အကြော်စုံတို့ဖြင့် နံနက်စာတည်ခင်းဧည့်ခံခဲ့ကြသည်။

စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း ဆောင်ရွက်အပြီးတွင် ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီး၍ အမျိုးသမီးသီရိကွင်းနှစ်ပတ် (မီတာ ၃၂၀၀) အပြေးပြိုင်ပွဲ၊ Small goal သွင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲတို့ကို ကျင်းပပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ ကြည့်ရှုအားပေးခဲ့ကြကာ ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)