(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှော ဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်‌ကွင်းဆင်းဆေး ကုသပေး

မန္တလေး  ဒီဇင်ဘာ  ၉

(၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ ကုတင်-၁၀၀ ဆန့် သင်ကြားရေးတိုင်းရင်းဆေးရုံနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)တို့ ပူးပေါင်းပြုလုပ်သော တိုင်းရင်းဆေးပညာအသိပညာပေးဟော ပြောပွဲနှင့်နယ်လှည့်‌‌ကွင်းဆင်းဆေးကုသပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ သရက်တပင်ကျေးရွာ၊ စိန်သိန်းဌေးဓမ္မာရုံတွင် ပြုလုပ်ကြသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာသိန်းဇော်လင်းက ကွင်းဆင်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်ကို ဟောပြောပြီး ဆေးပညာဌာန၊ ပါမောက္ခ(ဌာနမှူး) ဦးဌေးလွင်နှင့် တာဝန်ရှိသူများက ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို အသိ ပညာပေး ဟောပြောကြသည်။

အခမ်းအနားသို့ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ သိန်းဇော်လင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဦးစီးဌာနမှူး ဒေါ်ခင်ဖြူသက်၊မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(မန္တလေးတိုင်းဒေသကြီး) အလုပ်အမှုဆောင်များ၊ ကုတင်-၁၀၀ ဆန့် သင်ကြားရေးတိုင်းရင်းဆေးရုံ အကြီးတန်းတိုင်းရင်း‌ဆေးမှူး ဒေါ်မြမြခိုင်ဦးဆောင်သော ဆရာမများ၊ ပုသိမ်ကြီးမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှူး ဦးသစ်လွင်နှင့် ဆရာ/ဆရာမများတက်ရောက်ကြသည်။

ထို့နောက် ကုတင်-၁၀၀ ဆန့် သင်ကြားရေးတိုင်းရင်းဆေးရုံ အကြီးတန်းတိုင်းရင်း‌ဆေးမှူး ဒေါ်မြမြခိုင် ဦးဆောင်သော ဆရာမ(၈)ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (မန္တလေးတိုင်းဒေသကြီး)မှ တိုင်းရင်းသမားတော်များ၊ ပုသိမ်ကြီးမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှူး ဦးသစ်လွင်နှင့် ဆရာ/ဆရာမများက ကျေးရွာပြည်သူ(၁၅၀) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)