ပဉ္စမသံဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်ဖြစ်သည့် မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ကျွန်းကျောင်းတော်ကြီး၏ ပြဿဒ်တော်အထွဋ်၌ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ တင်လှူပူဇော်

မန္တလေး   ဒီဇင်ဘာ ၁၀

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုဘိုရွှေကျင်ရပ်ကွက်၊ မန္တလေးတောင်၊ မြောက်ဘက်တောင်ခြေရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးတွင် ပဉ္စမသံဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်ဖြစ်သည့်  ရှေးဟောင်းသမိုင်းဝင် ကျွန်းကျောင်းတော်ကြီး ပြဿဒ်တော်အထွဋ် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူ ဇော်ပွဲမဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ရွှေကျင်နိကာယအကျိုးတော်ဆောင် မန္တလေးမြို့ အဝေရာရာမ ရန်ကင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသြဒါတသိရီဘိဝံသ၊ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး ဆရာတော် ဦးထုတိဝရ၊ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်) အမှူးပြုသော ပင့်သံဃာဆရာတော်ကြီး ၁၀ ပါး၊ ထိုင်းနိုင်ငံ ၊ ပထုံဌာနီမြို့နယ်၊ ဓမ္မရာကကျောင်းတိုက်မှ ဆရာတော် PHRAMAHA PHUMS ITHTIPAT နှင့် ထိုင်းသံဃာတော်လေးပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(ငြိမ်း) ဝဏ္ဏကျော်ထင်၊ သီရိပျံချီ ဦးမောင်ကိုနှင့်ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ရွှေဥ၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဖြစ်ကြသော သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်မောင်၊ အလှူရှင် Mr.Morakot M aneepairoj ၊ Mr.Thanapon Maneepairoj နှင့် ထိုင်းနိုင်ငံသား/ထိုင်းနိုင်ငံသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မင်းတုန်းမင်းတရားကြီး၏ ဆွေတော်မျိုးတော်များ၊ စေတနာရှင်၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျွန်းကျောင်းတော်ကြီး၏ ပြဿဒ်တော်အထွဋ်၌ တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ရတနာတို့အား ယာယီအပူဇော်ခံထားရှိရာ “စံမယ် ဝိဟာရ ကျောင်းတော်ကြီး” မှ အခမ်းအနားကျင်းပမည့် “ရွှေကျင်သံဃာ့ရာဇာဗိမာန်တော်ကြီး” သို့ ရှေ့ဆုံးမှ သာသနာ့နုဂ္ဂဟဘွဲ့တံဆိပ်ရ ဥပါသကာ (၅)ဦးတို့က သာသနာ့အောင်လံဖလား၊ ရတနာပန်းဖလားများ ပင့်ဆောင်လွှင့်ထူလျက်လည်းကောင်း၊ မဟာရတနာပုံအဖွဲ့ ဥပါသကာ (၆)ဦးတို့မှ သာသနာ့မဟာအောင်လံတော် (၆)စင်းကို ကိုင်ဆောင်လွှင့်ထူလျက်လည်းကောင်း၊ ပုဏ္ဏားပရောဟိတ် (၄)ဦးတို့မှ မင်္ဂလာအောင်ငွေခရုကို မှုတ်သွင်းပူဇော်လျက်လည်းကောင်း၊ သိကြားမင်း ဗြဟ္မာမင်းတို့က လက်အုပ်ချီမိုးလျက် နတ်မိဖုရားကြီးလေးပါးတို့က ရတနာပန်းမိုးများရွာ သွန်းဖြိုးလျက်လည်းကောင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို လောကပါလ သာသနာ့တော်စောင့်နတ်မင်း ကြီးလေးပါးတို့က ရတနာထီးဖြူတော်များဖွင့်မိုးလျက် လည်းကောင်း၊ မာတလိနတ်မင်း၊ ဝိသကြုံနတ်မင်း ပဉ္စသိင်္ခနတ်မင်း၊ ဝသုန္ဓရေနတ်မင်း၊ ဝရုဏနတ်စစ်သူကြီး၊ ဣသာနနတ်စစ်သူကြီး ပဇာပတိနတ်စစ်သူကြီး၊ နဂါးမင်း၊ ဂဠုန်မင်း၊ ကုမ္ဘာဏ်နတ်၊ ယက္ခနတ်၊ ဂန္ဓဗ္ဗနတ်တို့မှ လိုက်ပါခြံရံပူဇော်ကြလျက်လည်းကောင်း၊ အကြီးအကဲများ အမှူးပြုသော အလှူရှင် ဒါယကာ ဒါယိကာမ အပေါင်းတို့က အစဉ်အတိုင်းပင့်ဆောင်ကြသည်။

 ထို့နောက် ကြွရောက်‌လာကြသည့် ဆရာတော် သံဃာတော်အမှူးပြုသော တာဝန်ရှိ အကြီးအကဲများနှင့် တက်ရောက်လာကြသူများမှ “နမောတဿ” သုံးကြိမ် ရွတ်ဆိုပူဇော်လျက် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး  အဝေရာရာမရန်ကင်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသြဒါတသိရီဘိဝံသထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဥပါသကာများက  ပရိတ်ချည် ပရိတ်ရေ ပရိတ်သဲ ပရိတ်ပန်းနှင့် ပရိတ်နံ့သာရေတို့ကို ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ထံ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်ဒေသနာတော်မြတ်တို့ကို နာယူကြည်ညိုကြကာ ဥပါသကာများက ပရိတ်ချည် ပရိတ်ရေ ပရိတ်သဲ ပရိတ်ပန်းတို့အားယူဆောင်၍ ကျွန်းကျောင်းတော်ကြီး၏ ပရိဝုဏ်တို့အား ပက်ဖျန်းကြဲဖြန့်ချည်နှောင်တားဆီးကာရံကြသည်။

ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့က စိန်ဖူးတော်၊ ဌက်မြတ်နားတော်တို့ကို ပရိတ်နံ့သာရည်တို့ဖြင့် ဆွတ်ဖျန်းပူဇော်ကြသည်။၎င်းနောက်  တာဝန်ရှိအကြီးအကဲများနှင့် အလှူရှင်များက  ပြဿဒ်တော်အထွဋ်တွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ဌက်မြတ်နားတော်တို့အား ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ထံ ဆက်ကပ်ခြင်းနှင့် သင်္ကန်းအစရှိသောလှူဖွယ်ဝတ္ထုအစုစုတို့အား လှူဒါန်းပူဇော်ကြပြီး အဝေရာရာမ ရန်ကင်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသြဒါတသိရီဘိဝံသထံမှ လှူဒါန်းမူအစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရားနာယူကြည်ညို၍ သုံးဆယ့်တစ်ဘုံသားတို့အား အမျှပေးဝေကြသည်။

ထို့နောက် စိန်ဖူးတော် ငှက်မြတ်နားတော်တို့အား နတ်ဒေဝါများကခြံရံလျက် အကြီးအကဲ အမှူးပြုသည့် ဒါယကာ ဒါယိကာမများ၊အလှူရှင်များက ပင့်ဆောင်ကြပြီး မင်္ဂလာအချိန်တွင် ရွှေထီးတော်မြတ်၏ စိန်ဖူးတော် ငှက်မြတ်နားတော်တို့ကို အစဉ်အတိုင်း တင်လှူပူဇော်ကြကာ  “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွှတ်ဆိုဆုတောင်းလျက် ပြဿဒ်တော်အထွဋ်၏ စိန်ဖူးတော်အထွဋ်တင်လှူ ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)