နမ့်စန်(တ) ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းအခြေခံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
သင်တန်းမစတင်မှီ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက မြန်မာ့သိုင်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းစည်းမျဉ်း/စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မှ မြန်မာ့သိုင်းနည်းပြ ဦးမောင်ဇော်နှင့်လက်ထောက်နည်းပြ ဦးအေးချမ်းအောင်တို့က ကျောင်းသား/ကျောင်းသူများကို မြန်မာ့သိုင်းအခြေခံကစားကွက်များအား စနစ်တကျ စတင်သင်ကြားပေးခဲ့ကြသည်။
ကျောင်းသား/ကျောင်းသူများအနေဖြင့် မြန်မာတို့၏ရိုးရာရာအမွေကိုယ်ခံပညာ မြန်မာ့သိုင်းအား ဆက်လက် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်တို့ကိုရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ အ.ထ.က(နမ့်စန်)မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၄၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။
သူရအောင်(နမ့်စန်)