ငါးလုပ်ငန်းသိပ္ပံ (တွံတေး)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒီပလိုမာပထမနှစ်နှင့် ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

တွံတေး ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲအောက်ရှိ ငါးလုပ်ငန်းသိပ္ပံ (တွံတေး)တွင် ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေး ဒီပလိုမာ ပထမနှစ်နှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဇီးဖြူကုန်းကျေးရွာ၊ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သင်တန်းကျောင်းခန်းမ၌ ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးတင့်လွင်၊ တွံတေးခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်တို့က အမှာစကားများ ပြောကြားပြီး ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်းအုပ်ကြီး ဒေါ်မိုးသူဇာမောင်က  ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တွင် သင်တန်းတက်ရောက်နေသည့် ဒီပလိုမာသင်တန်း ဒုတိယနှစ်မှ ကျောင်းသား၊ကျောင်းသူများက "ငါတို့ချစ်သောငါးသိပ္ပံ" တေးသီချင်းဖြင့်သီဆိုခြင်း၊ သရုပ်ပြခြင်း၊ ‌ပထမနှစ် မောင်သစ်လွင်/မယ်သစ်လွင်များအားရွေးချယ်ပြီး ငါးလုပ်ငန်းအတတ်သင်သိပ္ပံ(တွံတေး) ကျောင်းအုပ် ဆရာမကြီးက မောင်မယ်သစ်လွင်များအား အထိမ်းအမှတ်စလွယ်နှင့် သရဖူများချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ တွံတေးခရိုင်၊ အဖွဲ့ဝင်(၂)၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး၊ တွံတေးကငါးလုပ်ငန်းစခန်း တာဝန်ခံနှင့်ဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒေသခံရပ်မိရပ်ဖများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

ယင်းသင်တန်းသို့ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပထမနှစ်ကျောင်းသား၊ ကျောင်းသူ(၆၉)ဦး၊ ဒုတိယနှစ်(၄၀)ဦး တက်ရောက်ပညာသင်ကြားမည်ဖြစ်ကြောင်း တာဝန်ရှိကျောင်းအုပ်ကြီး ဒေါ်မိုးသူဇာမောင်ထံမှ သိရသည်။

တွံတေးသား