ကျောက်ဆည် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ယမန်နေ့ညနေ (၂)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲပြိုင်ပွဲတွင် Victory united ဘောလုံးအသင်းနှင့် UKP EKE UTD ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Victory united ဘောလုံးအသင်းမှ UKP EKE UTD အား (၄)ဂိုး (၃)ဂိုးဖြင့် အနိုင်ရရှိသွားကြောင်းနှင့် ပထမဆုရရှိသွားသော Victory united ဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးမျိုးသွင်နှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ထူးတို့က ရွှေဆွဲပြား၊ ငွေသားဆုနှင့်ဆုဒိုင်းများအား ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသွားသော UKP EKE UTD ဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးလှအေးက ငွေဆွဲပြား၊ ငွေသားဆုနှင့်ဆုဒိုင်းများကို ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တတိယဆုရရှိသော (KPL) ဘောလုံးအသင်း၊ စတုတ္ထဆုရရှိသော (ZenithPower) ဘောလုံးအသင်းများနှင့် ဂိုးသမားအကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆု၊ နေရာအလိုက် အကောင်းဆုံးဆု ရရှိခဲ့သည့်အားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၃) ဦးအောင်ထားရွှေ၊ မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်၊ မြို့နယ်ပညာရေးမှူးဦးအေးလင်းနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)