မောက်မယ် ဒီဇင်ဘာ ၉
ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့် နည်းပညာသုံး သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ မိုင်းယွန်းကျေးရွာ တောင်သူဦးကုန္န၏ လယ်မြေ၌ ယမန်နေ့ နံနက် (၉) နာရီက မျိုးသန့်ပွားမျိုးစေ့ (DU-12) မိုးစပါး စံကွက်စတင်ရိတ်သိမ်းကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်က မိုးစပါးစံကွက်ရိတ်သိမ်းရခြင်း၏ ရည်ရွယ်ချက်များ၊ စံကွက်ရိတ်သိမ်းခြင်း နည်းစနစ်များနှင့် စံကွက်ရိတ်သိမ်းရာတွင် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မျိုးသန့်ပွားမျိုးစေ့(DU-12) မိုးစပါး စံပြစိုက်ခင်းများအား သီးနှံအထွက်နှုန်းကောင်းမွန်စေရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက် ကွင်းတာဝန်ခံဝန်ထမ်းများက အနီးကပ် ကြီးကြပ်ကာလိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးမှုကြောင့် ယခုနှစ်စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကပျှမ်းမျှ အစိုတင်း(၁၂၁)တင်း၊ အခြောက်တင်း(၁၀၃)တင်း ထွက်ရှိကြောင်း သိရှိရပြီး အဆိုပါ စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဝန်ထမ်းများနှင့် စိုက်ပျိုးရေးဝန်ထမ်းများတို့က ဆောင်ရွက်ပြီး သက်ဆိုင်ရာ ဌာနအကြီး အကဲများနှင့် တောင်သူများတို့က လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)