မြစ်သားမြို့နယ်အတွင်းရှိ မိုးစပါးသီးနှံပေါ်ချိန်တွင် မနောသုခစပါးတစ်တင်း ငွေကျပ်(၁၉၀၀၀)စျေးဖြင့် ရောင်းချ၍ ဒေသခံတောင်သူများ အဆင်ပြေ

မြစ်သား ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကွင်းအမှတ်(၄၄၂) မြစ်ဆုံလေးကွင်း၌ မိုးစပါးစိုက်ခင်းများကို ဒေသခံတောင်သူများက ဆောင်သီးနှံ ပြန်လည် အစားထိုးစိုက်ပျိုး နိုင်ရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်များ ငှားရမ်း၍ ရိတ်သိမ်းခြွေလှေ့ လျက်ရှိပြီး စပါးများပေါ်ချိန် မနောသုခ စပါးစျေးနှုန်း တစ်တင်းလျှင် ငွေကျပ်(၁၉၀၀၀)စျေးဖြင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရ သည်။

မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေကဆောင်သီးနှံ အချိန်မီပြန်လည် စိုက်ပျိုးနိုင်ရန် အတွက် နိုဝင်ဘာလ ဒုတိယပတ်က စတင်ပြီး ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ဒေသမှာ မနောသုခစပါးစိုက်ပျိုးတောင်သူတွေ ယခင်နှစ်ကထက် စျေးကောင်းရရှိသဖြင့် မနောသုခ စပါးတစ်တင်းလက်ရှိပေါက်စျေးမှာ ငွေကျပ် (၁၉၀၀၀) စျေးနဲ့ရောင်းချကြောင်း၊ ဒေသခံတောင်သူများက လုပ်ငန်းအဆင်ပြေကြ ကြောင်း၊ မိုးစပါးစိုက်ခင်းတွေက အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းလဲကောင်း၍ တစ်ဧကလျှင် ပျမ်းမျှ စပါးတင်းရေ (၇၅) ကျော်ထွက်ကြောင်း အဓိက စိုက်ပျိုးတဲ့ မိုးစပါးမျိုးတွေ ဖြစ်သော ဧရာမင်း၊ မနောသုခ၊ ရွှေမနော၊ ရက် ၉၀ စတဲ့စပါး မျိုးကိုစိုက်ပျိုးကြကြောင်း ဒေသခံ တောင်သူ ဦးဇော်နိုင်ထံမှ သိရသည်။

၂၀၂၃-၂၀၂၄  ခုနှစ်  မိုးစပါးသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏  ကြီးကြပ်မှုဖြင့် ဒေသအတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့်  ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု  ကဏ္ဍဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက (၆၂၃၈၈)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း