ဘားအံ ဒီဇင်ဘာ ၉
ကရင်ပြည်နယ်သည် စိုက်ပျိုးရေးကိုအခြေခံသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ စားရေရိက္ခာ ဖူလုံ၍ ပိုလျှံအောင်ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များ တင်ပို့ရောင်းချနိုင်ရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ် စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံပိုလျှံရန် ဆန်၊ ဆီ၊ ပဲ အစရှိသော အခြေခံစားသောက်ကုန်များကို တိုးမြှင့်စိုက်ပျိုးပြီး ထွက်ရှိလာသော ထုတ်ကုန်များကို ပို့ကုန်များအနေဖြင့် ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်မှသာ နိုင်ငံခြားဝင်ငွေရရှိနိုင်မည် ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးမိုးစပါးများ ရာနှုန်းပြည့်အောင်မြင် ပြီးအလေအလွင့်မရှိစေရေး၊ ဆောင်းသီးနှံများ ထပ်မံစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြစေလိုကာ သီးထပ်စွမ်းအား ၁၅၀ ရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် ပိုမိုတိုးတက်စိုက်ပျိုးနိုင်မည့် နည်းလမ်းများကို သုံးသပ်ကြံဆ၍ တိုးတက်စိုက်ပျိုးနိုင် ရန်လိုကြောင်း၊ လိုအပ်သည့် မျိုးစေ့၊ သွင်းအားစု၊ နည်းစနစ်၊ ယန္တရားများနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး ဆောင်ရွက်မည့်နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အခြေခံစားသောက်ကုန်ဖူလုံရန်၊ စိုက်ပျိုးစွမ်းအားတိုးတက်ရန်၊ အထွက်နှုန်းကောင်းမွန်ရန်၊ ဈေးကွက်အလားအလာရှိသည့် သီးနှံများ တိုးချဲ့စိုက်ပျိုးရန်၊ သက်ဆိုင်ရာဌာနများက တောင်သူများအားစည်းရုံးဆောင်ရွက်ပေးရန် ဝိုင်းဝန်း ကူညီပေးကြရန် တင်ပြဆွေးနွေးပြီး ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ရည်မှန်းချက်ပန်းတိုင် ပြည့်မီရေး တက်ရောက်လာသည့်ဌာနဆိုင်ရာများမှ တိတိကျကျ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြ စေလိုကြောင်း တင်ပြဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ များက ၂၀၂၃-၂၀၂၄ ခုနှစ် ရေသောက်နည်းလမ်းအလိုက် နွေစပါး စိုက်ပျိုးထုတ်လုပ်ရန် လျာထားမှု အခြေအနေ၊ ဆည်၊ကန်၊တမံများ၏ ရေမှတ်နှိုင်းယှဉ်ချက်၊ ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်းများဖြင့် စိုက်ပျိုးမည့်ဧရိယာ စသည့် စိုက်ပျိုးရေးတိုးတက်မြင့်မားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြ ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရိုင်များအလိုက် နွေစပါးစိုက်ပျိုးရန် လျာထားဧက၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်မည့် အစီအစဉ်၊ သီးထပ်သီးညှပ် စိုက်ပျိုးဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အဖွဲ့အား ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လူမှုဂရုဏာလုပ်ငန်းများ၊ လက်ရှိဆောင်ရွက်နေသည့် စီမံချက်၊ စီမံကိန်းများ၊ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသစီမံချက် လုပ်ငန်းများ၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)