တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

တာချီလိတ် ဒီဇင်ဘာ ၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ သင်တန်းသူများ သိရှိနားလည်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက သင်တန်းသူများအား သတင်းမှန်၊ သတင်းမှား ခွဲခြားသုံးသပ်တတ်စေရန် သတင်းတစ်ခုကို စိတ်ခံစားချက်လိုက် မယုံကြည်ဘဲ သေချာစိစစ်တတ်စေရန်၊ သတင်းနှင့်သတင်းအချက်အလက်၊ သတင်းမှားခွဲခြားနည်းများ၊ သတင်းတုမှန်း သိရှိသိသာစေမည့် နည်းလမ်းများ၊ သတင်းမီဒီယာများအကြောင်းနှင့် သတင်းအချက်အလက်ဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်း ကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်အိသန္တာလှိုင်က ရေထုညစ်ညမ်းမှုအန္တရာယ်အကြောင်းနှင့် ရေထုညစ်ညမ်းစေသည့် အဓိက အကြောင်းရင်းများ၊ နောက်ဆက်တွဲဆိုးကျိုးများ၊ တစ်ဦးချင်းစီမှ ရေထုညစ်ညမ်းမှုလျှော့ချခြင်း နည်းလမ်းများအား လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ယွန်းသီရိဇော်က မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်အကြောင်းနှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်ရသည့် အဓိက အကြောင်းရင်းများနှင့် လျှော့ချနိုင်မည့် နည်းလမ်းများအား အသီးသီး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ သင်တန်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ် စာစောင်များနှင့် သုတ၊ ရသ စာအုပ်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)