မိုင်းယု ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒွန်းနွဲ့နှင့် တာပေါက်ကျေးရွာတို့မှ ပြည်သူများအား စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက မိုင်းယောင်း မြို့နယ်၊ ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်နေထွန်း၊ အတွင်းရေးမှူး ခရိုင်ရဲမှူးကြီး ဦးသောမတ် (ခ)လော်ခယ်၊ အဖွဲ့ဝင်(၂) ဦးစိုင်းခမ်းလူး၊ အဖွဲ့ဝင်(၃) ခရိုင်လဝကဦးစီးမှူး ဦးအေးကိုကိုစုနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ တက်ရောက်ဟောပြောခဲ့ကြသည်။
ဟောပြောရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ မီးခိုးမြူငွေ့ကင်းစင်ရေး တောင်ယာခုတ်ထွင် ရှင်းလင်းခြင်းနှင့် တောင်ယာမီးရှို့ခြင်း မပြုစေရေး၊ ငါးလျော့တိုက်ခြင်းများ မပြုလုပ်စေရေး၊ မီးတားလမ်းကိုလည်း အကျယ် (၁၆) ပေခန့် ပြုလုပ်ထားရန်နှင့် မှုခင်းကျဆင်းရေးနှင့် မူးယစ်ဆေးဝါး ဆိုင်ရာများကို အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒွန်းနွဲ့နှင့် တာပေါက်ကျေးရွာများမှ ပြည်သူများက ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အားချာ