တန့်ယန်းမြို့နယ်တွင် သံဃာ့ဆေးရုံသစ် တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း၍ အလှူငွေ ပေးအပ်

တန့်ယန်း ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ပြည်သူ့ဆေးရုံဝင်းအတွင်း အသစ်တည်ဆောက်မည့် သံဃာ့ဆေးရုံအတွက် လုပ်ငန်းညှိနှိုင်း၍ အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သံဃာ့ဆေးရုံသစ် တည်ဆောက်နိုင်ရေးအတွက် အလှူတော်ငွေ ပေးအပ်ပွဲ အခမ်းအနားကို ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်သူမြတ်များနှင့် ပရိတ်သတ်များက နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး တောင်တန်းသာသနာပြု ဆရာတော် အဂ္ဂမဟာကမ္မာဌာနစရိယဘဒ္ဒန္တ သုခမိန္ဒ၊ ကိုင်းကုန်းပရိယတ္တိဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကုသလတို့က သြဝါဒကထာများ မိန့်ကြားကြပြီး နယ်မြေခံ တပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်နိုင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက သံဃာ့ဆေးရုံ တည်ဆောက်နိုင်ရေး ဆွေးနွေးကြကာ အလှူရှင်များက အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)