ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းမည်ဖြစ်ကာ မည်သူမဆို ပါဝင်လှူဒါန်းနိုင်

ညောင်ဦး ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းမည်ဖြစ်ရာ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း ရွှေစည်းခုံစေတီတော်ကြီး ဂေါပကဥက္ကဋ္ဌ ဦးကျော်မြင့်ထံက သိရသည်။

ရွှေစည်းခုံစေတီတော်ကြီးကို အနော်ရထာမင်းကြီးက ကောဇာသက္ကရာဇ် ၄၂၁ ခု နှစ်၊ တပို့တွဲလဆန်း (၁၀) ရက်၊ ကြာသာပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ကျန်စစ်သား မင်းကြီးက ကောဇာသက္ကရာဇ် ၄၅၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက် ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ရွှေစည်းခုံစေတီတော်ကြီး ယခုအခါ လုံးတော်ပြည့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ရာ မြန်မာပြည်အရပ်ရပ်မှ စေတနာရှင်/ကုသိုလ်ရှင်များ မည်သူမဆိုလှူဒါန်းနိုင်ပြီး ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရန် ဝါးငြမ်းဆင်ခြင်းလုပ်ငန်းများ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကာ ရွှေဆိုင်းတစ်ဆိုင်းလျှင် တစ်သိန်းခွဲကျပ်ဖြင့် လှူဒါန်းနိုင်ကြောင်း ရွှေစည်းခုံစေတီတော် ဂေါပက အဖွဲ့တာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း