ကျောက်ဆည်မြို့၌ ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးတာဝန်ခံအရာရှိဦးသန်းနိုင်ဦးမှ ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ၊ အလုပ်သမားများနှင့် အများပြည်သူတစ်ရပ်လုံး အာမခံထားရှိပြီး အာမခံထားရှိသူများအား အခမဲ့ဆေးကုသမှုပေးခြင်း၊ မကျန်းမာမှု၊ မီးဖွားမှု၊ အလုပ်တွင် ထိခိုက်သေဆုံးမှုတို့အတွက်ငွေ ကြေးအကျိုးခံစားခွင့်အပြင် အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု၊ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိမှုအကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်၊ ကျန်ရစ်သူအကျိုးခံစားခွင့်၊ အိမ်ရာနေထိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်များကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးတာဝန်ခံအရာရှိဦးသန်းနိုင်ဦးမှ ဆင်မင်းဘိလပ်မြေစက်ရုံမှ သေဆုံးသူဦးနေဝင်း၏ ကျန်ရစ်သူအကျိုးခံစားခွင့် အဆ(၅၀)အတွက် ငွေကျပ် (၈၂၈၇၅၀၀)ကျပ်နှင့် မြို့နယ်လျှစ်စစ်အင်ဂျင်နီယာဌာနမှ သေဆုံးသူဦးအောင်ပိုင်၏ ကျန်ရစ်သူ အကျိုးခံစားခွင့် အဆ(၃၀)အတွက် ငွေ(၄၈၆၀၀၀၀)ကျပ်ကိုလည်းကောင်း၊ မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိဒေါ်ယုယုမော်က မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမား(၃)ဦးအတွက် မီးဖွားမှုနှင့်မီးဖွားစရိတ် ကုန်ကျငွေစုစုပေါင်း (၃၅၅၄၀၀၀)ကျပ်ကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးစိုးလင်းထွန်းက မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမား(၂)အတွက် မီးဖွားမှုနှင့်မီးဖွားစရိတ် ကုန်ကျငွေစုစုပေါင်း (၁၆၂၆၀၀၀)ကျပ်ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆင်မင်းဘိလပ်မြေစက်ရုံမှ လုပ်ငန်းခွင်ထိခိုက်သေဆုံးခဲ့သူ ဦးနေဝင်း၏ မိခင်ဖြစ်သူ ဒေါ်သန်းသန်းစိန်မှ ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စုစုအေးနွယ်