စဉ့်ကူး ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းစံရွှေက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးရှိအဖွဲ့အစည်းများမှ နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ပါဝင်လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးရေးရာအဖွဲ့အနေဖြင့်လည်း သက်ဆိုင်ရာဌာနများ၏ အကူအညီကိုရယူ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သံသယဖြစ်ဖွယ် အကြမ်းဖက်မှုများတွေ့ရှိရပါက သက်ဆိုင်ရာသို့ ညှိနှိုင်းညွှန်းပို့ဆောင်ရွက်ပေးရန်လိုကြောင်း၊ လူမှုအသိုင်းအဝိုင်းတွင် အကြမ်းဖက်ခံရမှုများလျော့နည်းပြီး သာယာပျော်ရွှင်ဖွယ် လူမှုပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း စသည်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စဉ့်ကူးမြို့နယ် လက်ပန်လှနယ်မြေရဲစခန်းမှ ဒုရဲအုပ် တင်တင်ထက်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် လူမှောင်ခို၊ လူကုန်ကူးမှုဆိုင်ရာ သိမှတ်ဖွယ်ရာများအား အသိပညာပေးဟောပြောခဲ့ပြီး၊ မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဲအိစံက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးအတွက် ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများအား အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ စဉ့်ကူးမြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းစံရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လက်ပန်လှနယ်မြေရဲစခန်းမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လက်ပန်လှကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်(ပြန်/ဆက်)