မဟာအောင်မြေ ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)မန္တလာသီရိလေ့ကျင့်ရေးကွင်း၌ နိုင်ငံတော်က လူစွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေး ဘက်စုံပညာထူးချွန်သည့် ကျောင်းသား/သူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ပညာထူးချွန်ပြီး အကျင့်စာရိတ္တကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ကျောင်းသားလူငယ်အဖြစ် လေ့ကျင့်ပျိုးထောင်ရန် ရည်ရွယ်ကာ နှစ်စဉ် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့တွင် ဒီဇင်ဘာ (၅)ရက်မှ (၇)ရက်နေ့အထိ မြို့နယ်အဆင့်လူရည်ချွန် စာမေးပွဲရေးဖြေ၊ နှုတ်ဖြေများကို ခရိုင်(၁၁)ခု၌ မြို့နယ်များမှာ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကျင်းပပေးခဲ့ရာ မြို့နယ်များရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအဆင့် စာမေးပွဲများ စစ်ဆေးပေးခဲ့ပြီး ၈.၁၂.၂၀၂၃ ရက်နေ့နံနက်ပိုင်းတွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုများဖြစ်သည့် (၁)မီတာ(၁၀၀)၊ (၂)လက်ထောက်တွန်းတင်၊ (၃) အိပ်ထမတင်၊ (၄)ရပ်လျက်ခုန်၊ (၅)မီတာ(၄၀၀)မှ (၈၀၀) ကျား/မ အမျိုးအစားငါးမျိုးဖြင့် လေ့ကျင့်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
လူရည်ချွန် ကျောင်းသား/သူများ ရွေးချယ်ရာမှာ ကျောင်းအဆင့်၊ မြို့နယ်အဆင့် ရေးဖြေ၊နှုတ်ဖြေနှင့် ကိုယ်ကာယကြံ့ခိုင်ရေးနဲ့ ယုံကြည်မှုစစ်ဆေးရေးများကို (Grade-9မှ Grade-12) အထိ စည်းမျဉ်းစည်းကမ်းနဲ့ စိစစ်ရွေးချယ်ပြီး ထူးချွန်ကျောင်းသား/သူများကို ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကို ဝင်ရောက်ဖြေဆိုကြရမည်ဖြစ်ကာ ပထမဆုရ ကျား/မ လူရည်ချွန် ကျောင်းသား/သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ဒေသန္တရဗဟုသုတများကို လေ့လာခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း