မြစ်သားမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်၊ စားအုန်းဆီ၊ အသား၊ငါး စားသောက်ကုန်ပစ္စည်းများ (ပထမ)အကြိမ်မြောက် ရောင်းချ

မြစ်သား  ဒီဇင်ဘာ  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် သက်သာသောစျေးနှုန်းကို ဆန်၊ စားအုန်းဆီ၊ အသား၊ ငါး၊ စားသောက်ကုန်ပစ္စည်းများ( ပထမ )အကြိမ်မြောက် စျေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို မြစ်သားမြို့ မြို့မစျေးတောင်ဘက်ဝင်ပေါက်အနီးတွင် ယနေ့နံနက်(၇)နာရီမှ (၉)နာရီအချိန်ထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါစျေးရောင်းချရာတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေး၊ စျေးနှုန်းသက်သာစွာဖြင့်သန့်ရှင်း လတ်ဆတ်သော အသား၊ငါး၊ စားသောက်ကုန် ပစ္စည်းများအား ဝယ်ယူရရှိနိုင်ရေး၊ မိမိတို့နေအိမ်အနီးမှာ ပင်ဝယ်ယူရရှိစေရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ထိုသို့ သတ်မှတ်ထားသော စျေးနှုန်းများဖြင့်သာ ရောင်းချရန် ဆန်တစ်ပြည်လျှင် (၂၈၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿလျှင် (၅၅၀၀)ကျပ်၊ အမဲသားတစ်ပိဿလျှင် (၁၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿလျှင်(၁၂၀၀၀)ကျပ်၊ ဆိတ်သား  တစ်ပိဿလျှင်(၂၀၀၀၀)ကျပ်၊ ကြက်သားတစ်ပိဿလျှင်(၉၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿလျှင်(၄၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၀၀)ကျပ်နှုန်း စုစုပေါင်း(၈)မျိုးတို့ကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။             

ဆက်လက်၍ ရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးအောင်နှင့် ဝန်ထမ်းများက ကြီးကြပ်၍ စျေးဝယ်သူများသည် စည်းကမ်းနှင့်တန်းစီးဝယ်ယူရန်၊ စျေးနှုန်းမှန်ကန်စွာ ရောင်းပေးနိုင်ရေး တို့ကိုစစ်ဆေးကြပ်မတ်ပေးပြီး သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးမှုကို တစ်လလျှင်(၂)ကြိမ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)