ပန်းဘဲတန်း ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဧကရီခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ပန်းဘဲတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာရဲက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကိုဖတ်ကြားရာတွင် အမျိုးသားနေ့ဦးတည်ချက်(၄)ရပ်ကို လိုက်နာဆောင်ရွက်နိုင်ရေးနှင့် မဲမသမာမှုမရှိစေရန် အလေးထားဆောင်ရွက်သင့်ပြီး တိုင်းရင်းသားပြည်သူအားလုံး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ပြီး ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံ၍ ပညာရေးကိုလက်လှမ်းမီနိုင်ရေး၊ အနာဂတ်လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံနိုင်စေရေးနှင့် MSME လုပ်ငန်းများကို အဓိကအလေးထားဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးရရှိနိုင်ရန်တို့ပါဝင်သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်စာစီစာကုံးနှင့် ကဗျာဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြင့်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပန်းဘဲတန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မေသက်သက်ခိုင်(မြို့နယ်ပြန်/ဆက်)