သရက်ချောင်း ဒီဇင်ဘာ ၈
နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသော ကျောင်းသား/လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၀၂၂–၂၀၂၃)ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က သရက်ချောင်းမြို့၊ ပန်းတောဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည်။
ထို့သို့စစ်ဆေးရာတွင် မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်း ကျောင်းများမှ ကျောင်းသား/သူများက အပြေးမီတာ ၁၀၀(ကျား/မ)၊ လက်ထောက်တွန်းတင် (၂မိနစ်)၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ အပြေးမီတာ ၈၀၀(ကျား)၊ မီတာ ၄၀၀(မ) တို့အား ယှဉ်ပြိုင်ကြရာ သရက်ချောင်းမြို့နယ်၊ ဒု-ပညာရေးမှူး ဦးခင်မောင်စိုး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ဒိုင်အဖွဲ့များက လူရည်ချွန်စိစစ်ရွေးချယ်ရေးအတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ရွေးချယ်ရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)