ပြင်ဦးလွင် ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းဇော်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်တို့ ပါဝင်သောအဖွဲ့သည် ဒီဇင်ဘာလ ၆ ရက်နေ့က ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြို့နယ်သမဝါယမအသင်းစုနှင့် အခြေခံသမဝါယမအသင်းများသို့ သွားရောက်၍ သမဝါယမလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှူစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းကြည့်ရှူစစ်ဆေးရာတွင် ကုန်ပဒေသာအရောင်းဆိုင်များ၌ ကုန်ပစ္စည်းများ အမျိုးအစုံတင်ပေးရန်၊ သွင်းအားစုအရောင်းဆိုင်များ၌ အသင်းသားများစိုက်ပျိုးရာတွင် လိုအပ်သည့်ဆေး၊ သဘာဝမြေသြဇာနှင့် ကွန်ပေါင်းဓါတ်မြေသြဇာများ တင်ထားပေးရန်၊ ရွှေရှူခင်း (ငွေစုငွေချေး) သမဝါယမအသင်းတွင် အသင်းသား/သူများ၏ ပဲစိမ်းကြော်လုပ်ငန်းနှင့် ပတ်သက်၍ လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်သွားရန်၊ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ခိုင်သဇင်(လယ်/ထွေ) သမဝါယမအသင်း မိုးစပါးစိုက်ခင်းများသို့ သွားရောက်ကွင်းဆင်းခဲ့ပြီး၊ မိုးစပါးနှင့်ပတ်သက်၍ စံချိန်စံနှုန်းများ ပြည့်မီစေရေးဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)