နေပြည်တော် ဒီဇင်ဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော်ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊ စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ကော်မတီအဆင့်ဆင့်ကိုဖွဲ့စည်းပြီး စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ စားဝတ်နေရေးလိုအပ်ချက်များကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ဝိသမလောဘသားများ ဈေးကစားလိုသည့် လုပ်ငန်းရှင်များမရှိစေရေးအတွက် ဥပဒေနှင့်အညီ ထိန်းကျောင်းပေးရမည့်ကိစ္စရပ်များကို ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း၊ ကုန်စည်ဝင်/ထွက်များ မျှတမှုရှိ/မရှိနှင့် စုံစမ်းစစ်ဆေးခြင်းများ၊ ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် လုံလောက်စွာဝင်ရောက်စေရေး၊ အခြေခံကုန်ပစ္စည်းများ ထုတ်လုပ်တိုးချဲ့နိုင်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနများအနေဖြင့် မူဝါဒများ၊ ညွှန်ကြားချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အစီအမံများရေးဆွဲပြီး ဆောင်ရွက်စေလိုကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အခြေခံစားသောက်ကုန်များ ပြည့်ဝစွာရောင်းချနိုင်ရေး၊ စက်သုံးဆီ၊ စားသုံးဆီများ လုံလောက်စွာရရှိရေး၊ MSME ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ပြီး ပြည်တွင်းသာမက ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အခွန်ဘဏ္ဍာများ ပြည့်ဝစွာကောက်ခံနိုင်ရေး၊ စပါးအပါအဝင် ဆီထွက် သီးနှံများနှင့် အခြားသီးနှံများလျာထားချက်ပြည့်မီကျော်လွန်ပြီး ပန်းတိုင်အထွက်နှုန်း ပြည့်ဝစွာရရှိရေး၊ စပါးနှင့်သီးထပ်စွမ်းအား မြှင့်တင်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့အပြင် တောင်သူများအား နည်းပညာများဖြန့်ဝေပေးခြင်း၊ သွင်းအားစုများ ပြည့်ဝစွာ ထောက်ပံ့ပေးနိုင်ရေးတို့ကို ဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်အတွင်း ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် အခြေခံစားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများမှ ထုတ်ကုန်များ ထုတ်လုပ်မှုတိုးတက်လာစေရန်နှင့် One Region One Product များကို ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆောင်ရွက်ချက်များ မူဝါဒနှင့်အညီ စားအုန်းဆီများ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများ၊ စားသုံးဆီများဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ စိုက်ပျိုးထားမှုအခြေအနေများနှင့် ကြိတ်ခွဲမှုအခြေအနေတို့ကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများအောင်မြင်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)