ပင်းတယမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်

ပင်းတယ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် လူငယ်အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ငှက်ပျောတောရပ်ကွက်အတွင်းရှိ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကြူကြူလှိုင်က “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဝေဖြိုးအောင်က သဘာဝသယံဇာတထိန်းသိမ်းကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝသယံဇာတထိန်းသိမ်းကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား သုတ၊ ရသစာအုပ်များ လေ့လာဖတ်ရှုစေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)