နမ့်စန်(တ) ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများကို ဒီဇင်ဘာ ၅ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(နမ့်စန်) ဘောလုံးကွင်းအတွင်း ဆောင်ရွက်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုယှဉ်ပြိုင်နေမှုကို မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေးနှင့်ယုံကြည်မှုစစ်ဆေးခြင်းတွင် အပြေးမီတာ ၁၀၀ (ကျား/မ)၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ အပြေးမီတာ ၈၀၀ (ကျား)နှင့် မီတာ ၄၀၀(မ) စုစုပေါင်း(၅)မျိုးယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အ.ထ.က၊ အ.ထ.က(ခွဲ)၊ အလက(ခွဲ)နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများရှိ Grade-9 ၊ Grade -10 ၊ Grade - 11 နှင့် Grade-12 တို့မှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၄၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)