စဉ့်ကိုင်မြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ အ.ထ.က(စဉ့်ကိုင်)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက်  ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.က (စဉ့်ကိုင်)မှ ကျောင်းသား/သူများက “ဇာတိမာန်”သီချင်းဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပေးခဲ့ပြီးနောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့သော ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီး တာဝန်ရှိသူတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။ယင်းနောက် အခမ်းအနားကို အ.ထ.က (စဉ့်ကိုင်)မှ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသားသီချင်း သီဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အခမ်းအနားအပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ပြည်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီးနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ အသီးသီး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)