ဘားအံ ဒီဇင်ဘာ ၈
၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့ပတ်တာဝေး စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့နံနက် ၆ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှေ့၌ ကျင်းပရာ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများ၊ စက်ဘီးစီး အားကစားဝါသနာရှင်များက ပြိုင်ဘီးစီးပြိုင်ပွဲတွင် ၁၁၅ ဦး၊ ရိုးရိုးဘီးစီးပြိုင်ပွဲတွင် ၃၂ ဦး စုစုပေါင်း ၁၄၇ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စက်ဘီးစီး အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး တာလွတ်စင်မြင့်ထက်တွင်နေရာယူကာ အမျိုးသား၊ အမျိုးသမီး ပြိုင်ဘီးစီးပြိုင်ပွဲနှင့် အမျိုးသား၊အမျိုးသမီး ရိုးရိုးဘီးစီးပြိုင်ပွဲတို့အား သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။
အဆိုပါ စက်ဘီးစီးပြိုင်ပွဲတွင် အမျိုးသား၊အမျိုးသမီး ပြိုင်ဘီးစီးပြိုင်ပွဲအနေဖြင့် ဘားအံမြို့အားပတ်၍ ၄၁ ကီလိုမီတာ၊ မိုင်အားဖြင့် ၂၅ ဒဿမ ၅ မိုင်အကွာအဝေး၊ အမျိုးသား၊သမျိုးသမီး ရိုးရိုးဘီးစီးပြိုင်ပွဲအနေဖြင့် ဘားအံမြို့ အားပတ်၍ ၂၈ ကီလိုမီတာ၊ မိုင်အားဖြင့် ၁၇ ဒဿမ ၅ မိုင် စက်ဘီးစီးယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
စက်ဘီးစီးပြိုင်ပွဲကျင်းပနေစဉ်အတွင်း ဘားအံမြို့၊ သီရိကွင်းအတွင်း၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အမျိုးသားဘော်လီဘောပြိုင်ပွဲကို ကျင်းပခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများ ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဘော်လီဘောအားကစားသမားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ဘီးအားကစားဝါသနာရှင်များနှင့်အတူ အမျိုးသား၊ အမျိုးသမီး ပြိုင်ဘီးစီးပြိုင်ပွဲနှင့် ရိုးရိုးဘီးစီးပြိုင်ပွဲတို့တွင် သီရိကွင်းသို့ ပြန်လည်ပန်းဝင်လာသော စက်ဘီးစီး အားကစားသမားများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့ပတ်တာဝေးစက်ဘီးစီးပြိုင်ပွဲ ပြိုင်ဘီးနှင့်ရိုးရိုးဘီးပြိုင်ပွဲတို့တွင် နှစ်သိမ့်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက အမျိုးသမီး(ရိုးရိုးဘီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆုရရှိသူများကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က အမျိုးသား (ရိုးရိုးဘီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီး(ပြိင်ဘီး)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆု ရရှိသူများကိုလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား(ပြိုင်ဘီး)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆု ရရှိသူများကို တစ်ဦးချင်းငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ကာ အသက်အငယ်ဆုံးပြိုင်ပွဲဝင် စက်ဘီး အားကစားသမား (၃)ဦးအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ယနေ့မြို့ပတ်တာဝေး စက်ဘီးစီး ပြိုင်ပွဲတွင် ဆုပေါင်း(၉၀)ကျော် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အလားတူ ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖတ်ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ခဲ့ကြပြီး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြန်မာ့ ကြွေးကြော်သံသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြကာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြန်မာပြည်သား သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာသော ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ဆုရလက်ရာများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)