၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မန္တလေး ဒီဇင်ဘာ ၈

၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို  မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရာဇာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်လင်းဦးနှင့် ဦးသိန်းလွင်(လဝက)၊ မြို့နယ်ပညာရေးမှူး ဒေါက်တာစမ်းပပကျော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကြီးနှင့်ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် အ.ထ.က(၄)မှ ကျောင်းသူ‌လေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၃) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ သဝဏ်လွှာကို ဖတ်ကြား၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုချီးမြှင့်ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)