ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

တောင်ကြီး ဒီဇင်ဘာ ၈

၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမဆောင်၌ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးသန်းဦးလွင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆုရရှိကြသော ကျောင်းသား ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တောင်ကြီးမြို့ အထက(၇) ကျောင်းသား ကျောင်းသူလေးများက “ဇာတိမာန်”သီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ကြားခဲ့သည်။

ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ရာ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ချီးမြှင့်ပေး၍ လည်းကောင်း၊ အလယ်တန်းအဆင့် ဆုရရှိသူများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်ကလည်းကောင်း၊ မူလတန်းအဆင့် ဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အလယ်တန်းအဆင့် ဆုရရှိသူများကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ မူလတန်းအဆင့် ဆုရရှိသူများကို ပြည်နယ်လူမှုရေးဝန်ကြီးကလည်းကောင်း၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ အလယ်တန်းအဆင့်တွင် ဆုရရှိသူများကို ပြည်နယ်ဥပဒေချုပ်ကလည်းကောင်း၊ မူလတန်းအဆင့်တွင် ဆုရရှိသူများကို ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အ.ထ.က(၁) တောင်ကြီး၊ အ.ထ.က(၄) တောင်ကြီးနှင့် အ.ထ.က(၇) တောင်ကြီးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေများကို တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ်က ပေးအပ်ခဲ့ပြီး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက  မြန်မာ့ကျောင်းသားသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ