လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)တွင် ပြည့်စုံအောင် ဖြည့်သွင်းနေမှုများအား နေပြည်တော်ကောင်စီဝင်များ လာရောက်ပူးပေါင်း ဆောင်ရွက်

လယ်ဝေး ဒီဇင်ဘာ ၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ် ဦးစီးမှုးရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်များ ဖြည့်စွက်ရန်ကျန်ရှိသည့် အိမ်ထောင်စုများအား ပြည်စုံစေရန် ရေးသွင်းခြင်းလုပ်ငန်းများအား ဒီဇင်ဘာ ၅ ရက်နေ့မှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ ယမန်နေ့နံနက် ၁၁ နာရီက နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးနှင့် ဦးအောင်ခိုင်ဆွေတို့ လာရောက်ကာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို တွေ့ဆုံမေးမြန်းပြီး လုပ်ငန်းများ လွယ်ကူမြန်ဆန်စေရေးအတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ်၊ ရေအိုးစဥ်ကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား ကွင်းဆင်းကြည့်ရှုရာ လယ်ဝေးခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သက်နှင့် မြို့နယ်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်များက ပြည်သူများနှင့်တွေ့ဆုံကာ လိုအပ်ချက်များကို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်များ ဖြည့်သွင်းရန် ကျန်ရှိသူများအား ဒီဇင်ဘာ ၅ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ အသက် ၁၈ နှစ်အောက် (၁၆ မှ ၁၈ အထိ ) ၁၆၁၄  ဦး၊  အသက် ၁၈ နှစ်အထက် ၇၇၁၆ ဦး စာရင်းရေးသွင်းပြီးစီးခဲ့ပြီး ကျန်ရှိသည့် စာရင်းများအား ဆက်လက်ရေးသွင်းလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)