ပုဇွန်တောင် ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး အခြေခံပညာဦးစီးဌာနမှ စီစဉ်ကျင်းပသည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုအဖြစ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသူ၊ ကျောင်းသားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ၊ အမျိုးသားနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်