မန္တလေး ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမတွင် ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ အ.ထ.က (၁၄)မှ ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား စီးပွားရေးရာဝန်ကြီးဦးသိန်းဌေးက ဖတ်ကြားသည်။ ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်ကြကာ အ.ထ.က(၁၄)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေ အခမ်းအနားရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့်တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)