ကလောမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ကလော ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် မြို့နယ်အဆင့်(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်"သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပြည်တောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်အောင်ဌေးက ဖတ်ကြားခဲ့သည်။ ထို့နောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကလောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက "မြန်မာကျောင်း" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)