မြစ်သားမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်သား ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်   ကျော်(၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား နှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က (အ.ထ.က) မြစ်သား ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် (အ.ထ.က) မြစ်သားကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး မြစ်သားမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာကိုဖတ်ကြားခဲ့သည်။

ဆက်လက်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကဗျာ၊ ဆောင်ပါး၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူ(၁၈)ဦးအား   မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအေးခိုင်၊      မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၁) ဗိုလ်မှူးဘိုဘိုအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂) ဦးရွှေအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအပြီးတွင် (အ.ထ.က) မြစ်သားကျောင်းမှ ကျောင်းသူ၊ကျောင်းသားလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)