တာချီလိတ်မြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ

တာချီလိတ် ဒီဇင်ဘာ ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့်အထိမ်းအမှတ်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၇ ရက် နံနက် ၉ နာရီက အ.ထ.က (ဆန်ဆိုင်း)ကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ အထက(ဆန်ဆိုင်း)ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်က ဖတ်ကြားသည်။

ထိုနောက် အမျိုးသားအောင်ပွဲ့နေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူ ၂၇ဦးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်၊ ခရိုင်ပညာရေးမှူးဒေါ်သန္တလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ဦးကျော်၊ မြို့နယ်ပညာရေးမှူးဒေါ်စန်းကြည်ဝင်းနှင့် တာဝန်ရှိသူတို့ က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး အ.ထ.က(ဆန်ဆိုင်း)ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား အခမ်းအနား တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)