တနင်္သာရီမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီ ဒီဇင်ဘာ ၇

၂၀၂၃ခုနှစ် (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနား သဝဏ်လွှာဖတ်ပွဲနှင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ အတွင်း တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အ-ထ-က-တနင်္သာရီကျောင်းသူလေးများက “ဇာတိမာန်” တေးသီချင်းသီဆို၍ စတင်ဖွင့် လှစ်ပေး ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူသတိုး သီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက ဖတ်ကြားပေးခဲ့သည်။

ထို့နောက်၂၀၂၃ခုနှစ်(၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (ပထမ)ဆုရှိကြသည့် ကျောင်းသူ/သား(၂)ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ အလားတူ ဒုတိယဆုရရှိသည့် ကျောင်းသူ/ သား(၂)ဦးအား မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူးမင်းအောင်နှင့် တတိယဆုရရှိသူ(၂)ဦးအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းတို့က ဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ချီးမြှင့်ပေးအပ်ကြကြောင်း သိရသည်။

ထို့နောက် ကျောင်းသူ/သားများက “မြန်မာ့ကျောင်း”တေးသီချင်းသီဆိုကြကာ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ကြ၍ စုပေါင်းအမှတ်တရရိုက်ကြကြောင်း သိရသည်။

၎င်းအခမ်းအနားသို့ တနင်္သာရီမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ နှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌ ဒေါ်မြတ်စုဝင်းနှင့်အဖွဲ့ဝင်များ ၊ အ-ထ-က-တနင်္သာရီကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်နှင့်ဆရာ/မများ၊ ဆုရကျောင်းသူ/သားများ အင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)