ကျွန်းစုမြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျွန်းစု ဒီဇင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို အ.ထ.က ကျွန်းစုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်း သီဆိုကာဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်စန်းဝင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာအားဖတ်ကြားခဲ့သည်။

ထိုနောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်ဝင်းမာနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)