ပုလော ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က ပုလောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ဖတ်ကြားသည်။
ထို့နောက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ပြီး၊ ပုလောမြို့ အမှတ်(၁)၊ (၂)ကျောင်းမှ ကျောင်းသား၊သူများက မြန်မာ့ကျောင်းသီချင်းနှင့် ဇာတိမန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေဖြန့်ချိသည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်းနှင့်တက်ရောက်လာကြသည့် ဧည့်သည်တော်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲနှင့် သုတ/ရသစာအုပ် စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)