ဒဂုံအရှေ့ ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဖူးမိုက ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတရရှိစေရန် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သော သိကောင်းစရာအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့သည်။
ထို့နောက်ပြိုင်ပွဲအသီးသီး၌ ပထမ၊ ဒုတိယ၊ တတိယရရှိသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့က ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ မာဂဓီ-သာစည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်များနှင့်အသိပညာပေးနံရံကပ်စာစောင်များကိုပြသကာ ကျောင်းသား၊ ကျောင်းသူများကလည်း စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)