ချမ်းမြသာစည် ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၂၆)အခြေခံပညာ အထက်တန်းကျောင်းရှိ တကောင်းသစ္စာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူလေးများက “ဇာတိမာန်” သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်သီဆိုခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၂) ဦးဇော်၀င်းက ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာ (ထက်၊ လယ်၊ မူ) အဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များမှ ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး၊ ကျောင်းသား/ကျောင်းသူများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့