ကာမိုင်း ဒီဇင်ဘာ ၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ ကျင်းပရာတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ “အမျိုးသားအောင်ပွဲတို့ဆင်နွှဲ” ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး ယှဥ်ပြိုင်ခဲ့ကြပြီး ပန်းချီပြိုင်ပွဲကို အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး ယှဥ်ပြိုင်ကြရာ ဆုရရှိကြသူများကို မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်ရွှေဇင်ဦးက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲ ဆက်လက်ပြသရာတွင် ကလေးနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများ ရရှိစေမည့် စာအုပ်များကို ခင်းကျင်းပြသ၍ ကလေးငယ်များနှင့် လူငယ်လူရွယ်များက စိတ်၀င်တစားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)