ငါန်းဇွန်မြို့ အမှတ်(၃)အ.မ.က၌ လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ပြသခြင်းဆောင်ရွက်

ငါန်းဇွန် ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒ ါ်နေခြည်ဦးက ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေဖို့ လေ့ကျင့်ပြုမူ နေထိုင်တတ်စေရန် အသိပညာပေးဆွေးနွေးဟောပြောပြီး ကျောင်းသား/သူများအား အသိ ဉာဏ်ပညာဖွံ့ဖြိုးဖို့၊ ဖတ်မှတ်စွမ်းရည်မြင့်မားဖို့အတွက် ဇာတ်လမ်းသရုပ်ဖော်နေခြည်၏ “ငြိမ်းချမ်းခြင်းဂေဟာ” ဇာတ်လမ်းသရုပ် ဖော်စာအုပ်အား ဖတ်ရှုဆွေးနွေးရှင်းပြသည်။ ထို့နောက်ကျောင်းသား/သူများထဲမှ အဆိုပါဇာတ်လမ်းသရုပ်ဖော်အား အစအဆုံး ပြန်လည်ရှင်းလင်း ပြောဆိုပြနိုင်သူကို ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အကြီးတန်းစာရေး ဒေါ်မို့မို့စံက ကိုယ်လက်လှုပ်ရှား အားကစားအလေ့အကျင့်ကြောင့် ကျန်းမာရေးနှင့်အသိဉာဏ်ပညာ ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသားကျောင်းသူများအား (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများနှင့် မူယစ်ဆေးဝါးအန္တရာယ် အသိပညာပေးပြသထားသော နံရံကပ် စာစောင်များကို  ရှင်းလင်းပြသပေးခြင်းနှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)