မြဝတီ ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ မြဝတီမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် တေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်းက ဖတ်ကြားပေးသည်။
ဆက်လက်၍ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ သုံးဦးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူသုံးဦးအား အဖွဲ့ဝင်(၂)ဦးစိန်သောင်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ နှစ်သိမ့်ဆုရရှိသူနှစ်ဦးအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ နှစ်သိမ့်ဆုရရှိသူနှစ်ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ သုံးဦးအား ခရိုင်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှူး ဦးကျော်ကျော်သန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ နှစ်သိမ့်ဆုရရှိသူ နှစ်ဦးအား ခေတ္တခရိုင်ရဲမှူးကြီး အောင်မျိုးလွင်၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ သုံးဦးအား ခရိုင်ဥပဒေအရာရှိ ဦးစောစံဝင်းနှင့် အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲ နှစ်သိမ့်ဆုရရှိသူနှစ်ဦးအား ခရိုင်စာရင်းစစ်မှူး ဦးဘုဏ်းအောင်တို့က ဆုများချီးမြှင့်ပေးသည်။
ထို့နောက် တက်ရောက်ကြသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)