မြစ်ကြီးနား ဒီဇင်ဘာ ၈
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ သံလုကာကောလိပ်ကျောင်းဝင်းအတွင်း စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်းသည့် ငွေကြေး၊ ဝတ္တုပစ္စည်းတို့ဖြင့် ဆောက်လုပ်ပြီးစီးသော သံလုကာကောလိပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ဓမ္မသင်တန်းကျောင်း(၇၅)နှစ်မြောက် စိန်ရတုဂျူဗလီပွဲတော် ဆုတောင်း ကောင်းချီးပေးပွဲအခမ်းအနားကို ဧဒင်(တပ်ကုန်း)ရပ်ကွက်ရှိအဆိုပါ ကောလိပ်ဝင်းအတွင်း ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်ဇနီးတို့ တက်ရောက်အားပေးခဲ့ကြရာ ကျောင်းဆောင်သစ် ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပေါလုတိန်ဘားဇော်လီဂမ်က အဆောက်အအုံသစ်အား အသင်းတော်သို့အပ်နှံပြီး မြန်မာနိုင်ငံကတ်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားဘိုနှင့် ဂိုဏ်းအုပ်ဆရာတော်ကြီးများက ကောင်းချီးပေး ဆုတောင်းမေတ္တာရွတ်ဆိုပေးကြသည်။
ထို့နောက် ကျောင်းဆောင်သစ်ကို မြန်မာနိုင်ငံကတ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားဘို၊ အငြိမ်းစားဂိုဏ်းအုပ်ဆရာတော်ကြီးများ၊ မွန်ဆီညော် ဒေါက်တာပီတာခါးအောင်တူး၊ အငြိမ်းစားကျောင်းအုပ်ကြီးများနှင့် ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကော်မတီအတွင်းရေးမှူး ဦးအားဖူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားဘိုနှင့် ဂိုဏ်းအုပ်ဆရာတော်ကြီးများက ကျောင်းဆောင်သစ်အတွက် ဆုတောင်းမေတ္တာပို့ ကောင်းချီးပေးကြသည်။
ယင်းနောက် ကျောင်းဆောင်သစ်ဖွင့်ပွဲအတွက် ကောင်းချီးပေးဆုတောင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြပြီး ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်ဘိုက ကျောင်းဆောင်သစ် တည်ဆောက်ရာတွင် ရေရရှိရေးအတွက် လှူဒါန်းပေးခဲ့သည့် ပြည်နယ်ဝန်ကြီးချုပ်အား ရိုးရာပလိုင်း၊ လွယ်ဓား၊ ခေါင်းပေါင်းနှင့် ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ စေတနာရှင်၊ အလှူရှင်များအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဓမ္မတေးသီချင်း သီဆိုချီးမွမ်းခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့သည် တာဝန်ရှိသူများနှင့်အတူ ကျောင်းဆောင်သစ် အဆောက်အအုံအတွင်း ဖွဲ့စည်းတည်ဆောက်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)