ဒလမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

ဒလ ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းယုဇနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က ဖတ်ကြားခဲ့သည်။ ထို့နောက် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်း အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ၌ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးရွှေလှိုင်တို့က ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့်သီဆို ဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၁၉၀) ဦး တက်ရောက်ခဲ့ကြသည်။

မြင့်ဇော်(ပြန်/ဆက်)