မိုင်းပျဉ်း ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ နီလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းကျောင်းသား ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုဖွင့်လှစ်ပါသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝင်းက ဖတ်ကြားပါသည်။ ဆက်လက်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးတို့က ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီး အ.ထ.ကခွဲမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်း သီဆိုဖျော်ဖြေကာ အခမ်းအနားကို ပိတ်သိမ်းကြောင်း သတင်းရရှိသည်။
အဆိုပါ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦးခန့် စုံလင်စွာတက်ရောက်ခဲ့ကြောင်း ပညာရေးဌာနမှ သတင်းရရှိပါသည်။
နန်းသန္တာဦး(ပြန်/ဆက်)