ကြည့်မြင်တိုင် ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ စကားဖြူခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာကို ကြည့်မြင်တိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးထင်လင်းအောင်က ဖတ်ကြားရာတွင် “ယနေ့မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခါသမယ၌ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သပါကြောင်၊ ကိုလိုနီလက်အောက် ကျရောက်ခဲ့ရသောကာလတွင် နယ်ချဲ့တို့ကကျွန်သက်ရှည်စေရန် ပညာရေးစနစ်ကို လက်နက်တစ်ခုအဖြစ်အသုံးချပြီး မြန်မာတို့ကို အသိဥာဏ်နိမ့်ပါးအောင် ဖိနှိပ်လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၏ ဆောင်ပုဒ်ဖြစ်သည့် ပြည်ထောင်စုငြိမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ဖြစ်ပြီး တွေ့ကြုံခဲ့ရသည့် သမိုင်းဖြစ်ရပ်များအပေါ် သင်ခန်းစာယူကာ တန်ဖိုးမဖြတ်နိုင်သည့် ငြိမ်းချမ်းရေးအမွေအနှစ်ကို မျိုးဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” စသည်ဖြင့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ဆက်လက်ပြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သိဆိုဖျော်ဖြေခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)