မရမ်းကုန်း ဒီဇင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စန္ဒိမာခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မရမ်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ဟန်ထွန်းဇော်က (၁၀၃) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မရမ်းကုန်းမြို့နယ် မြို့နယ်အဆင့်အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဆုများအသီးသီးရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများ ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ မရမ်းကုန်းမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများက ပြည်မြန်မာသီချင်းနှင့် ဇာတိမာန်သီချင်းတို့ဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ မရမ်းကုန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)