မြိတ်မြို့တွင် (၁ဝ၃ )နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

မြိတ် ဒီဇင်ဘာ ၇

အမျိုးသားရေးစိတ်ဓာတ်နှင့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ ဖြစ်ထွန်းစေခဲ့ပြီး ပြည်သူလူထုကို နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သော (၁၀၃)နှစ်ရှိခဲ့ပြီဖြစ်သည့် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို နိုင်ငံတစ်ဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အ.ထ.က(၁) ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့သည်။

အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဇာတိမာန်” သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအာကာကျော်က ဖတ်ကြားသည်။

ထိုနောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲ ဆုရ ကျောင်းသား/သူများအား ခရိုင်ပညာရေးမှူးဒေါ်လှလှအေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြန်မာ့ကျောင်း ” သီချင်းသီဆို၍ ရုတ်သိမ်းခဲ့ကြသည်။

အခမ်းအနားတွင် တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၃)နှစ်မြောက် အမျိုးအားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြိတ်ခရိုင်ရုံး ဝန်ထမ်းများက ဝေငှပေးခဲ့ကြပြီး အမျိုးအားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ကို ပြသပေးခဲ့ရာ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)